Wednesday, October 19, 2011


အရချောင်လို့ အချောင်ရချင်တာ
လူထုစိန်ဝင်း

“အများ မိုးခါးရေသောက်နေချိန်မှာ ကိုယ်တစ်ယောက်တည်း မသောက်ဘဲနေလို့မဖြစ်တော့ သောက်လိုက်ရတာပေါ့” ဒီစကားမျိုး မကြာမကြာ ကြားဖူးလိမ့်မယ်။ ကိုယ်လည်း တစ်ခါတစ်ရံ ပြောဖူးလိမ့်မယ်။
                ရှောင်ရှားစေချင်
                ဒီစကားကို လုံးဝမပြောဖြစ်အောင်သတိထား ရှောင်ရှားစေချင်တယ်။ သေသေချာချာစဉ်းစားကြည့်ရင် အဓိပ္ပါယ်က မကောင်းပါဘူး။ ကိုယ်အသုံးမကျတာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာသလိုဖြစ်နေတယ်။ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ဆိုတဲ့စကားလို ကိုယ်အကျင့်ပျက်တာကို အကာအကွယ်ယူဖို့ ဆင်ခြေတက်တဲ့ သဘောမျိုးနဲ့ ဘာမှမထူးဘူး။ အူမ,မတောင့်တိုင်း သီလချိုးဖောက်ရမယ်ဆိုရင် ဆင်းရဲသူ ဆင်းရဲသားမှန်သမျှ ဒုစရိုက်သားတွေချည်းဖြစ်ကုန်ကြမှာပေါ့။ ဆင်းရဲတာနဲ့ သီလမစောင့်တာ ဘာမှမဆိုင်ဘူး။ တခြားစီပဲ။

                လက်ကြောတင်းအောင် မလုပ်ချင်လို့
                သူခိုးတွေ ဓားပြတွေကို သေသေချာချာလေ့လာကြည့်ရင် ဆင်းရဲလွန်းလို့ ခိုးစား တိုက်စားတဲ့သူက အနည်းစုပဲ။ အများစုက ရပ်ထဲ ရွာထဲမှာ အသင့်အတင့်စားနိုင်သောက်နိုင်ရှိပြီး၊ အရက်ကလေးသောက်လိုက်၊ ဖဲလေးရိုက်လိုက်နဲ့ ဘာတစ်ခုမှ လက်ကြောတင်း အောင် မလုပ်ချင်သူတွေသာဖြစ်တယ်။ ဖဲရိုက်ဖို့၊ အရက်သောက်ဖို့ မရှိလို့ခိုးရာ တိုက်ရာက အရချောင်မှန်းသိပြီး ခိုးစား တိုက်စားတဲ့ဘ၀ ရောက်သွားကြတာ။ ဆင်းရဲလို့ ခိုးတာမဟုတ်ဘူး။ ဆင်းရဲသားတွေမှာ ကိုယ်ချင်းစာစိတ် ကြီးမားကြတယ်။ ကိုယ်တိုင်က ဆင်းရဲမွဲတေ လွန်းတော့ ပိုက်ဆံတန်ဖိုး ကောင်းကောင်း သိတယ်။ ရှာရတဲ့ပိုက်ဆံလေးကို မသုံးရက်၊မစွဲရက်နဲ့ သိပ်နှမြောတယ်။ သားတွေ သမီးတွေ အတွက်ကလွဲရင် ကိုယ့်ဝမ်းကိုယ်တောင် ‘မသထာ’ (မသဒ္ဓါ)လောက်အောင်ကို နှမြောတယ်။



                ဆင်းရဲသားရဲ့ ကိုယ်ချင်းစာစိတ်
             ငွေတွင်းနက်လွန်းလို့ ကိုယ့်ပိုက်ဆံ နှမြောသလို တခြားသူများလည်း နှမြောရှာကြမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိတယ်။ အဲဒါကြောင့် သူများပိုက်ဆံကို အချောင်လိုချင်စိတ် မရှိဘူး။ ခိုးဝှက်လုယက်ဖို့များ စိတ်ကူးထဲတောင် မရှိဘူး။ ဘတ်စ်ကားပေါ်မှာ မေ့ကျန်ခဲ့တဲ့ သိန်း သုံး လေးရာတန် ရွှေထုပ်ကို စပယ်ယာက ပိုင်ရှင်လက်ထဲပြန်အပ်တယ်ဆိုတဲ့ သတင်းမျိုး ဂျာနယ်တွေထဲ မကြာမကြာ ဖတ်ဖူးကြတယ်မဟုတ်လား။ အဲဒါ ဆင်းရဲသားတို့ရဲ့ ကိုယ်ချင်းစာစိတ်ပဲ။ သူ့ခမြာများ နှမြောရှာမှာပဲ၊ ဒီရွှေတွေယူလာတာ ရောင်းပြီး မိဘကို ဆေးကုဖို့များလား စတဲ့အတွေးတွေကြောင့် ပြန်ပေးတာပဲ။ ပိုက်ဆံမလိုချင်သူ ဘယ်ရှိမှာလဲ။ ဒါပေမဲ့ ဆင်းရဲသားရဲ့ ကိုယ်ချင်းစာ စိတ်က ‘လိုချင်စိတ်’ကို ဖယ်ရှားပစ်လိုက်နိုင်တယ်။

                အကျင့်မကောင်းလို့
             သီလမစောင့်တဲ့သူက ပင်ကိုယ်စိတ်ထးကိုက အကျင့်မကောင်းသူ ဖြစ်လို့ပါ။ ဆင်းရဲလို့ မဟုတ်ဘူး။ အရချောင်မှန်းသိလို့ အချောင်ရတဲ့လမ်းကို လိုက်တာဖြစ်တယ်။ ဆင်းရဲလို့ပါတို့၊ အများမိုးခါးရေသောက်လို့ လိုက်သောက်ရတာပါတို့ဆိုတဲ့ စကားတွေက သက်သက် ‘ထမင်းရည်ပူလာ လျှာလွှဲ’ပြောတာ ဖြစ်တယ်။ ဒီစကားတွေ တွင်ကျယ်နေတာ မကောင်းဘူး။ လိမ်တာ ညာတာ ခိုးတာကို အပြစ်မရှိဘူးလို့ အသိအမှတ်ပြုရာကျတယ်။

                စက်ဆုပ်စရာ လုပ်ရပ်
             ဘယ်လိုအကြောင်းပြချက်ပဲ ပေးပေး၊ လိမ်တာဟာ လိမ်တာပဲ။ ခိုးတာဟာ ခိုးတာပဲ။ သီလချိုးဖောက်မှုဖြစ်တယ်။ ဒုစရိုက်မှု ဖြစ်တယ်။ အပြစ်ရှိတယ်။ ဒီလိုအကျင့်ပျက်မှုမျိုးကို စက်ဆုပ်စရာလုပ်ရပ်များအဖြစ် ရှုမြင်တတ်အောင် ကလေးဘ၀ကတည်းက မိဘဆရာ သမားများက သင်ကြားလေ့ကျင့်ပေးရမယ်။ ကိုယ်တိုင်စံနမူနာကောင်းပြသူဖြစ်စေရမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဆင်းရဲတွင်း နက်သထက်နက် ဖြစ်နေကြရတဲ့ အကြောင်းအချက်ပေါင်းများစွာထဲမှာ အကျင့်ပျက် ခြစားမှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့အကြောင်းက အဓိက အကျဆုံးအချက်ဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။

                အေးဓားပြ
                ခုခေတ်မှာ အကျင့်ပျက်ခြစားမှုလို့ နားခံသာအောင် ပြောင်းခေါ်နေကြပေမယ့် တကယ်တော့ ခိုးတာပါပဲ။ လာဘ်ပေးတယ်၊ လာဘ်ယူတယ်ဆိုတာလည်း အရင်းစစ်လိုက်ရင်တော့ မတရားရယူတာပဲ ဖြစ်တယ်။ အေးဓားပြတိုက်တယ်ဆိုတာမျိုးဖြစ်တယ်။ ဒါကြောင့် ခိုးမှုလို့ပဲ ခေါ်ချင်တယ်။ ရင့်သီးတာ မှန်ပေမယ့် သူတို့နဲ့ ဒါမျိုးပဲ ထိုက်တန်တယ်။ ဒီလို ပြတ်ပြတ်ပြောမှ ဆင်ခြင်ရကောင်းမှန်း သိလိမ့်မယ်။ အခုတော့ ‘အူမတောင့်မှ သိလစောင့်နိုင်တယ်’ဆိုတဲ့ စကားကို အကာအကွယ်ယူပြီး သူတို့ကို သနားရဦးမလိုလို ပြောလေ့ရှိ တယ်။ ရှက်စရာကို ရှက်စရာလို့တောင် မသိကြတော့ဘူး။ ဘောဘ အခိုးအငွေ့တွေက တိမ်သလ္လာလို ဖုံးကွယ်နေတော့ မျက်နှာပူရ ကောင်းမှန်းလည်းမသိကြဘူး။

                အရှက်တရား ပျောက်ကွယ်
             ကမ္ဘာတစ်ခုလုံးမှာ အရှက်တရားက လုံးလုံးပျောက်ကွယ်သလောက်ဖြစ်နေပြီ။ လူကြီးလူကောင်း အမည်ခံသူတွေ ကိုယ်တိုင်က ကျင့်ဝတ် မှန်သမျှကို မျက်ကွယ်ပြုပြီး လုပ်ချင်ရာတွေ လုပ်နေကြတာ။ တရားဥပဒေဆိုတာ အုပ်စိုးသူတွေနဲ့ မဆိုင်ဘူး၊ အုပ်စိုးခံတွေ လိုက်နာဖို့သက်သက်လို့ သဘောထားပြီး ခိုးဖို့လည်း ၀န်မလေးဘူး၊ သတ်ဖို့လည်း ၀န်မလေးဘူး။ ဒီလိုနဲ့ပဲ လူသတ်မှု ဖြစ်တယ်၊ လူတွေ ထောင်သောင်းချီသတ်ရင် စစ်ပွဲလို့ခေါ်တယ်၊ လူသတ်မှုမဖြစ်ဘူးဆိုတဲ့ စကား ပေါ်ပေါက်လာခဲ့ရတယ်။

                လျှာပေါ်မြက်ပေါက်ပါစေ
             လူ့ကျင့်ဝတ်ကို ချိုးဖောက်တာဟာ ခွင့်လွှတ်စရာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပဲဆိုလို့လည်း အပြစ်ကမလွတ်ဘူး။ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်အောင် နေမယ်ဆိုတဲ့စိတ်မျိုး မွေးနိုင် ကျင့်ကြံနိုင်သူမှ လူကြီးလူကောင်းလို့ခေါ်နိုင်တယ်။ ခေတ်ရေ စီးကြောင်းမှာ ရေစုန်မျှောပြီး မလိုက်ဘဲ ရေဆန်ကို ကူးခတ်ရဲတဲ့စိတ်မျိုးရှိအောင် ကလေးဘ၀ကတည်းက သင်ကြားလေ့ကျင့်ပေးရမယ်။ လူကြီးတွေက စံနမူနာကောင်းပြပြီး ဦးဆောင်ရမယ်၊ လျှာပေါ်မြက်ပေါက်ပါစေ မဟုတ်တာလုပ်ပြီး ပိုက်ဆံမရှာဘူးဆိုတဲ့ စိတ်ဓာတ်မျိုး ရှေ့ကနမူနာပြဖို့ လိုတယ်။

                စော်ကားတာပဲ
                အလုပ်ကိစ္စတစ်ခု ဆောင်ရွက်ဖို့အတွက် လက်ဖက်ရည်ဖိုး ပေးတာဟာ ကိုယ့်ရိုးသားဖြူစင်မှု ဂုဏ်သိက္ခာကို အကြီးအကျယ် စော်ကားလိုက်တာပဲလို့ ရှုမြင်တတ်ရမယ်။ နာတတ်ရမယ်။ ဒေါသဖြစ်တတ်ရမယ်။ လူတိုင်း လုပ်နေကြတာပဲဆိုပြီး အသာလေးမှိန်းနေ လိုက်ရင် ကိုယ်ပါ အကျင့်သီလ မကောင်းသူဖြစ်သွားမှာပဲ။ ဒါကြောင့် အများမိုးခါးရေသောက်တိုင်း လိုက်မသောက်ဘဲ နေနိုင်အောင် ကြိုးစားဖို့လိုကြောင်း သတိပေးနှိုးဆော်လိုက်ချင်ပါတယ်။

Source: ပြည်သူ့ခေတ်၊ အတွဲ ၂၊ အမှတ် ၆၅

0 comments:

Post a Comment