စကားပြောခြင်း

Tuesday, February 28, 2012

စကားပြောခြင်း
မောင်ခိုင်လတ်
လူတစ်ယောက်မှာ နားနှစ်ဖက်နှင့် ပါးစပ်တစ်ပေါက်သာ ပါရှိသောကြောင့် ကျွန်ုပ်တို့သည် များများနားထောင်ကာ နည်းနည်းလေးပဲပြောသင့်သည်တဲ့။ ဒါက ဂရိအတွေးအခေါ်ရှင်ကြီး ဒိုင်အို ဂျီးနီးစ် ပြောကြားခဲ့တာ ဖြစ်သည်။ သူကတော့ သူ့စကားအတိုင်းပင် ဘဝတလျှောက်လုံး များများနားထောင်သင်ယူပြီး စကားလုံးတွေကိုတော့ အလွန်စီစစ်ချွေတာခဲ့သူဖြစ်သည်။ 

သို့သော်…..
ကျွန်တော်အပါဝင် လူအများစုကြီးကတော့ ဤသို့မဟုတ်ပေ။ သူတို့က မိမိပြောမည့်စကားက ပို၍အရေးကြီးသည်ဟု ကိုယ်စီကိုယ်ငှ သဘောပေါက်ထားကြပြီး စကားကို အလုအယက်ပြောကြားကြပုံမှာ စကားဝိုင်းတစ်ခုလုံး ဆူညံအော်ဟစ်နေကြပြီး ဘယ်သူ့စကားကိုမျှ ကျန်သူတွေ နားထောင်ကြပုံမပေါ်။တစ်ပြိုင်နက်ပြောကြားကြပုံမှာ ဝက်ဝက်ကွဲနေတော့သည်။ အမှန်ပြောရလျှင် ဒါက စကားဝိုင်းတစ်ခုဟုခေါ်ဆိုလျှင် စကားဝိုင်းအင်္ဂါနှင့် ညီညွတ်ဆီလျော်မည်မထင်ပေ။ ဆူညံသံတွေရှိသော အရပ်ဒေသတစ်ခုဟုသာ ပြောသင့်လေသည်။ ဤသို့သောအဖြစ်အပျက်များတွေကို မကြာခဏ တွေ့ကြုံရလေ့ရှိသည်။ တွေ့ကြုံရတိုင်းလည်း မိမိရော ဤအုပ်စုထဲ ပါဝင်နေပြီလားဟု ကိုယ့်ကိုယ်ကို ပြန်ပြီးသတိပေးနေရသည်။ ဘာပဲဖြစ်ဖြစ် မကြာခဏ ဤအုပ်စုထဲကျွန်တော်ပါဝင်ဖူးကြောင်း ဝန်ခံရမှာပဲဖြစ်သည်။
တစ်ဆက်တည်း တွေးမိတာကတော့ ကျွန်တော်တို့ ဘာကြောင့် စကားပြောကြသနည်း ဆိုတာပဲဖြစ်သည်။ ကျွန်တော်စကားတွေပြောကြသည်။ လူအမျိုးမျိုးနှင့်ပြောသည်။ အကြောင်းအရာမျိုးစုံပြေကြသည်။ နေရာဌာနအနှံ့မှာ ပြေကြသည်။ ဘာ့ကြောင့်လဲ၊ စကားပြောခြင်း၏ ရည်ရွယ်ချက်မှာ ဆက်သွယ်ခြင်းဖြစ်သည်။ တစ်ဦး၏ ဆန္ဒကို သို့မဟုတ် သဘောထားကို သို့မဟုတ် ရည်ရွယ်ချက်ကို အခြားသူတစ်ဦးဦးကို သို့မဟုတ် အများစုကြီးကို သိရှိအောင်ဆောင်ရွက်ခြင်းဖြစ်သည်။ တစ်ဦးက ပြောသည်ကို တစ်ဦးကနားလည်သည်ဆိုလျှင်ဖြင့် စကားပြောဆိုခြင်း၏ အခြေခံရည်ရွယ်ချက် ထမြောက်အောင်မြင်ပြီဟု ဆိုနိုင်ပါသည်။ နောက်တစ်ဆင့် တက်ပြီး မိမိဆန္ဒ၊ မိမိသဘောထားကို တစ်ဖက်လူက လက်ခံသဘောတူညီညွှတ်ဖို့ဆိုသည်ကတော့ စကားပြောသူ၏ အရည်အချင်းပေါ် အနည်းနှင့်အများ မှီခိုနေသည်ဟု ပြောနိုင်ပါလိမ့်မည်။ စကားပြောသူ၏ ဆန္ဒ၊ သဘောထား၊ အမြင်ကို တစ်ဖက်နားထောင်သူက ကြားသိရုံသိနေပြီး သဘောတူလက်ခံမှု မရဘူးဆိုလျှင်တော့ စကားပြောဆိုခြင်း၏ ရည်ရွယ်ချက်သည်လည်း ရာနှုန်းပြည့် ပြီးမြောက်ပြီဟု မယူဆနိုင်ပေ။
တစ်ဦးပြောစကားကို တစ်ဦးကနားလည်ရုံသက်သက် အဆင့်ကတော့ဖြင့် ဘာမျှခက်ခဲသည် မဟုတ်ပါ။ ပြောဆိုသော အခြေခံဘာသာစကားတူညီလျှင် သို့မဟုတ် မိခင်ဘာသာစကားခြင်းတူညီလျှင် သို့မဟုတ် အခြားအခြားသော ဘာသာစကားတစ်ခုခုအပေါ် နှစ်ဦးစလုံးနားလည်တတ်ကျွမ်းကြလျှင် ဤအဆင့်ကို ကျော်လွန်ဖို့လုံလောက်ပြီဖြစ်ပါသည်။ သို့သော် မိမိပြောသည့်စကားကို တစ်ဖက်နားထောင်သူက တိမ်းညွှတ်ဖို့ အလုံးစုံသဘောတူညီလက်ခံဖို့ကျတော့ လက်တွေ့တွင်မလွယ်ကူလှပေ။ ဤအဆင့်ကို ရောက်ဖို့တော့ နှစ်ဦးစလုံး ရေချိန်တူညီသော ယဉ်ကျေးမှုအဆင့်အတန်း၊ ဥာဏ် ပညာအမြော်အမြင်၊ လောကအမြင်တို့နှင့် နှိုင်းဆချိန်ထိုးကြည့်ရမည်သာဖြစ်သည်။ ပြောသူ၏ အကင်းပါးမှု၊ လိမ္မာကျွမ်းကျင်မှု၊ နှုတ်ရေးချေငံပြေပြစ်မှု၊ ပြောဆိုသော အကြောင်းအရာမှန်ကန်မှုအပြင် တစ်ဖက်က နားထောင်သူ စိတ်ဝင်စားဖို့လည်း လိုပါသေးသည်။
ကိုယ်ကချည်း ကရားရေလွှတ်ပြောတတ်သူ၊ တစ်ဖက်၏ စကားကို နားထောင်ဖို့ အလေ့အကျင့်မရှိသူ၊ အကြောင်းအရာတိုင်းတွင် ကိုယ်ကချည်း ပါရဂူမြောက်တတ်သိပြီးသူဟု ထင်တစ်လုံးရှိကြသူများလည်း များစွာရှိပါသည်။ ဤသူတွေနှင့် စကားလက်စုံကျပြီဆိုလျှင် ပတ်ဝန်းကျင်တစ်ခုလုံး ကံဆိုးမိုမှောင်ကျခြင်းဟုသာ ဆိုရပေတော့မည်။ သို့မဟုတ် အချည်းအနှီးဖြစ်သော စကားတစ်ဝိုင်းဟုပဲ ဆိုချင်ပါသည်။ ကြွားလုံး၊ ထေ့လုံး၊ ရိလုံး၊ တစ်ဖက်စောင်းနင်း၊ အယူအဆများ စကားတံရှည်မှုများသည် အခြားသူများကို ပျင်းရိညည်းငွေ့စေမှာ ဖြစ်သလို ကိုယ့်အပေါ်ထားသော အခြားသူတွေ၏ အမြင်မှာလည်း အပေါင်းလက္ခဏာဆောင်မှာမဟုတ်ချေ။ အချို့က စကားပြောခွင့်ရသည်နှင့် နာရီပေါင်းများစွာပြောတတ်သည်။ နားထောင်ချင်သည် နားမထောင်ချင်သည်မသိ ငြီးငွေ့ပင်ပန်းပြီလား၊ ဘာလားအကဲမခတ်နိုင်။ အလွန်ရှည်လျားလေးအီစွာ ပြောနေတတ်သည်။ စကားစပ်၍ မှတ်သားစရာကောင်းသော စကားတစ်ခွန်းကို လက်ဆင့်ကမ်းချင်ပါသည်။ အမေရိကန် ဒုသမ္မတဟောင်း ဟူးဘက်မာန်ဖရေးအား သူ့ဇနီးက မှာကြားသောစကားတစ်ခွန်း။
ဒါလင်ရေ…. မိန့်ခွန်းစတ်ခု ထာဝစဉ်တည်တံ့စေဖို့အတွက် ရှည်ရှည်ဝေးဝေး လျောက်ပြောနေစရာမလိုဘူးနော်….ဟူ၏။
ကွယ်လွန်လေပြီးသော အမေရိကန်သမ္မတဟောင်း အဗရာဟင်လင်ကွန်းနာမည်ကျော် ဂတ်တီးစဗတ်မိန့်ခွန်းမှာ သုံးမိနစ်ပင် မပြည့်တတ်သော မိန့်ခွန်းဖြစ်သည်။ စကားလုံးအရေအတွက် ၂၆၈ လုံးသာရှိလေသည်။ မိန့်ခွန်းက တိုတောင်းသလောက် နားထောင်ရသူတွေ၏ ရင်ထဲစူးစူးနစ်နစ် ထိုးဖောက်ဝင်ရောက်ပြီး ယနေ့တိုင် တသသဖြစ်နေကြရသည်။
စကားလုံးများသည် လူသားတို့သုံးစွဲနေသော၊ သြဇာအထက်အမြက်ဆုံး ဆေးဝါးပင်တည်းဟု စာရေးဆရာကြီး ရုဒ်ယတ်ကစ်ပလင်…ကဆိုခဲ့ဖူးသည်။ ကုသိုလ်ကံကြီးမားလှစွာ ဤသို့အစွမ်းထက်သည့် ဆေးဝါးများကို ကျွန်တော်တို့နေစဉ်သုံးစွဲနေကြသော်လည်း အစွမ်းထက်မှန်း မသိသူတွေက သိသူတွေထက် အဆမတန်များပြားနေပေလိမ့်မည်။
ကျွန်တော့်အဖို့ကတော့ စကားပြောခြင်းသည် အရေးကြီးသည်ဟုထင်မြင်မိပါသည်။ မိမိသဘောထား၊ အမြင်ကို အခြားသူ(နားထောင်သူ)၏နားနှင့် စိတ်တို့သို့ ရောက်အောင်ပို့ဆောင်လိုသောကြောင့်ပြောခြင်းဖြစ်သည်ဟု ယူဆပါသည်။ မိမိအမြင်ကို အခြားသူက(နားထောင်သူ)ယုံကြည်လက်ခံလာဖို့ အရေးအကြီးဆုံးအချက်မှာ ပြောသူက ရိုးသားပွင့်လင်းစွာပြောဖို့ဖြစ်ပြီး၊ နားထောင်ရသူက ရိုးသားပွင့်လင်းစွာပြောဆိုနေကြောင်းသိရှိနေဖို့လိုပါသည်။ ဤသို့ သိရှိနေပြီဆိုလျှင် ယုံကြည်လက်ခံဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် နီးစပ်သည်ဟု ပြောနိုင်ပါသည်။
စကားပြောဆိုသူက မိမိပြောစကားအောင်မြင်ဖို့ ပရိယာယ် ဝေဝုစ်တွေ အများအပြားရှိပါသည်။ ပြောရလျှင် ရေတွက်၍ပင် မရနိုင်ပါဟုထင်ပါသည်။ ပြောဆိုသူ၏ ကိုယ်ရည်ကိုယ်သွေး၊ ဥာဏ်ပညာအမြော်အမြင်နှင့် ပြောဆိုသော အကြောင်းအရာပေါ် မူတည်ပါသည်။ ထို့အတူ နားထောင်သူဖက်ကလည်း မိမိပြောသမျှကို လက်ခံသဘောတူညီမှု ရှိမရှိကို အကဲဖြတ်ရန် အခက်အခဲများစွာရှိနေနိုင်ပါသည်။ နားထောင်သူကိုယ်နှိုက်က  ရိုးသားပွင့်လင်းစွာ ထုတ်ဖေါ်မပြောဆိုသမျှ မိမိပြောစကားကို အတိုင်အတာမည်မျှအထိ လက်ခံသဘောတူညီပြီဟု ခန့်မှန်းရခက်လှပါသည်။ နားထောင်သူဖက်ကလည်း ပရိယာယ်ဝေဝုစ်တွေ ရှိနေနိုင်လို့ပဲဖြစ်ပါသည်။
အတွေးခေါ်မြော်မြင်ရေးသမားကြီး ဗတ်ဒ်ဟောလီဒေး ကတော့ ဤသို့သတိပေးခဲ့ဖူးလေသည်။
သင်ပြောသမျှ ဘာမဆိုသဘောတူသူဟာ သင်ပြောတာကို ဂရုစိုက်နားမထောင်သူဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် သင့်ကို ပစ္စည်းတစ်ခုခုရောင်းဖို့ကြံစည်နေတာလဲဖြစ်လိမ့်မယ်….ဟူ၏။ စဉ်းစားဖို့ကောင်းသော စကားတစ်ခွန်းဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ စကားကြီးဆယ်ခွန်းဆိုတာ ရှိပါသည်။ လူတိုင်းလိုလို ကြားဖူးနားဝ ရှိနေမှာဖြစ်သော ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေးစီးဖောင်ဆန်၊ အိုးတန်ဆန်ခတ်၊ ဆီပွတ် ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွတ်ပစ်၊ သွန်းလစ် ကရား၊ ခတ်တင်မောင်းနစ်…ဟူ၍ ရှိပါသည်။
နောက်ဆုံးနှစ်ခွန်းဖြစ်သည့် သွန်းလစ်ကရား၊ ခတ်တင်မောင်းနင်း တို့မှာ ရှေ့ကစကား ရှစ်ခွန်းမှာကဲ့သို့ ကာရန်မချိတ်ဆက်တော့ပါ။ ဘာကြောင့် ဤသို့ဖြစ်ရသည်ကို ကျွန်တော်လုံးဝမသိပါ။ ကာရန် မရမက ချိတ်ဆက်ယူလိုက်လျှင် ဆိုလိုရင်းအဓိပ္ပါယ်လွဲချော်သွားမည်စိုးသောကြောင့်ဟု ထင်မြင်ယူဆမိပါသည်။
ဤစကားကြီး(၁၀)ခွန်းမှာ လူတို့နေ့စဉ်ပြောဆိုနေကြသော စကားပြောနည်းတွေကို ဖွင့်ဆိုရှင်းလင်းပြထားခြင်းသာဖြစ်သည်။ မည်သို့ပြောလျှင် မည်သည့်စကားဟု သိမှတ်ရမည်။ ဘယ်လိုပြောလျှင် ဘာဟုအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းမျိုးဖြစ်သည်။ method တွေဖြစ်သည်။ မဟာဗျူဟာ(strategic) တွေမဟုတ်။
သို့သော် ကျွန်တော်တို့ အလေးအနက်ထားရမည်မှာ စကားခြောက်ခွန်းဆိုတာလည်း ရှိပါသေးသည်။
၁။ မဟုတ်မမှန်၊အကျိုးစီးပွါးမရှိ၊ သူတစ်ပါးတို့လည်း မနှစ်သက်။
၂။ ဟုတ်မှန်၏၊ အကျိုးစီးပွားမရှိ၊ သူတစ်ပါးတို့လည်း မနှစ်သက်။
၃။ ဟုတ်မှန်၏၊ အကျိုးစီးပွားရှိ၏၊သူတစ်ပါးတို့လည်း မနှစ်သက်။
၎။ မဟုတ်မမှန်၊ အကျိုးစီးပွားမရှိ၊သူတစ်ပါးတို့လည်း နှစ်သက်၏။
၅။ ဟုတ်မှန်၏၊ အကျိုးစီးပွားမရှိ၊ သူတစ်ပါးတို့လည်း နှစ်သက်၏။
၆။ ဟုတ်မှန်၏၊ အကျိုးစီးပွားရှိ၏၊ သူတစ်ပါးတို့လည်း နှစ်သက်၏။
ဤသို့ စကားခြောက်ခွန်းရှိရာတွင် ဘုရားရှင်နှင့် သူတော်ကောင်းတို့က တတိယစကား(ဟုတ်မှန်၏၊ အကျိုးစီးပွားရှိ၏၊ သူတစ်ပါးတို့လည်းမနှစ်သက်။)နှင့် ဆဌမစကား(ဟုတ်မှန်၏၊ အကျိုးစီးပွားရှိ၏၊ သူတစ်ပါးတို့လည်းနှစ်သက်၏)တို့ကိုသာ ပြောဆိုလေ့ရှိကြသည်။
သာမန်အရပ်သားတို့ အဖို့မူ နေ့စဉ်နှင့်အမျှ ဤစကားခြောက်ခွန်းအတွင်း၌သာ လည့်လည်သုံးစွဲနေကြသဖြင့် ရှေးပညာရှိတို့က စကားခြောက်ခွန်း၊လူ၌ထွန်း၊လေးခွန်းကိုပယ်၊နှစ်ခွန်းတည်းဟု လင်္ကာရေးစပ် ဆုံးမခဲ့ခြင်းဖြစ်လေသည်။ ဤစကားခြောက်ခွန်းကား ဆဌမစကားတို့ကိုသာ ပြောဆိုအပ်သည်ဟု တိတိပပ လမ်းညွှန်နည်းပေးခဲ့ခြင်းဖြစ်သဖြင့် စကားကြီးဆယ်ခွန်းကဲ့သို့ စကားပြောဆိုနည်းမဟုတ်မူပဲ လမ်းညွှန်ဆုံးမစကားဟုဆိုလျှင် ပို၍သင့်မည်ဖြစ်ပါသည်။
ကျွန်တော့်အဖိုမူ လက်သစ်တောင်တာ ဆုံးမစာပါ လင်္ကာတစ်ပိုဒ်ကို နေ့စဉ်နှလုံးသွင်းကာ လိုက်နာကျင့်သုံးနိုင်ခဲ့လျှင် အချည်းအနှီးလူသားမဖြစ်နိုင်ဟု ထင်မြင်မိပါသည်။
ရှင်မဟာရဌသာရက ဤသို့ဆုံးမခဲ့ဖူးလေသည်။
နှလုံးသည်းခြေ… သန္ဓေလည်းတန်… မမှန်စကား… လူဖြစ်မှားဟု….အများမဆိုရစေနှင့်…။
မောင်ခိုင်လတ်
အတွေးအမြင်စာစဉ်၊အမှတ်(၁၇၆)၊ ၂၀၀၆ ဇန်နဝါရီလ

0 comments:

Post a Comment