ဗဟုသုတများပါစေ

Thursday, February 2, 2012

ဗဟုသုတများပါစေ
လူ့ဘဝသည် တိုတောင်း၏။ သိစရာမှတ်စရာတတ်စရာတွေလွန်စွာများရာ ကိုယ်တိုင်တစ်ဦးတစ်ယောက် တည်း၏အတွေ့အကြုံအမြင်များအကြားမျှနှင့်မလုံလောက်။အတွေ့အကြုံများသူတွေ ရေးသော ခေတ်သစ်စာများ ကိုလည်း ဖတ်ရလေသည်။ စာမတတ်သောသူ၏ စိတ်သည် အမှန်တိုးတက်မည်မဟုတ်ပေ။ မိမိကိုယ်ကို အလိုအလျောက် တက်သည်၊ သိသည်ဟု ထင်မှတ်၍ နေသူတွေ လည်း များစွာရှိလေသည်။ အလုပ်ဟူသမျှ၌ အကြံဉာဏ်လို၏။ အသိမများလျှင် မှန်သောဆုံးဖြတ်ချက်ကိုမချမှတ်နိုင်၊ ဆုံးဖြတ်ချက်မှားတတ်လေသည်။ သို့ဖြစ်လေရာ ယခုလတ်တလော ဖြစ်ပျက်၍ နေသော အကြောင်းအရာများကို သတင်းစာ၊ မဂ္ဂဇင်း၊ ကျမ်းစာအုပ်များကို ဖတ်မှသာ မှန်ကန်သောဆုံးဖြတ်ချက်ကို ချနိုင်လေသည်။ 

အထူးသဖြင့် ကျွန်ုပ်တို့လူမျိုးမှာ ဤအရာလို၍နေ၏။ စာဖတ်ပြန်လျှင် လည်း အကျိုးရှိဖို့စာထက် ပရိသတ်ထဲမှာ ပြောတတ်ဆိုတတ်ဖို့ စာရေးရာ၌ သမားဂုဏ်ပြဖို့စာများကိုသာဖတ်လေ့ရှိကြလေသည်။
လူမျိုးကြီးဖြစ်လိုက စိတ်ကြီးဖို့လို၏။ မြန်မာလူမျိုးဟူသမျှ တစ်ယောက်စီ တစ်ယောက်စီ စိတ်သဘောကြီးမားကျယ်ပြန့်မှ လူမျိုးတစ်မျိုးလုံး၏ စိတ်သည် ကြီးကျယ်နိုင်၏။ တစ်မျိုးလုံး၏ စိတ်ကြီးကျယ်မှသာ နိုင်ငံကြီးကျယ်နိုင်လေသည်။
တွေးရုံ, ကြံရုံ, စိတ်ကူးရုံမျှနှင့် အလုပ်မပြီး၊ မှန်ကန်စွာ ဆုံးဖြတ်ချက်ချ၍ ထိထိရောရောက် စေ့စပ်စွာ လုပ်ကိုင်နိုင်မှ အလုပ်ပြီးမြောက်အောင်မြင် လမ်းပေါက်နိုင်လေသည်။
စာကလေးငှက်များ ကြက်များမှာ မနက်ဖြန်အတွက် မပူဘဲနေနိုင်၏။ လူသည် နက်ဖြန်အတွက် မပူဘဲမနေနိုင်။အများအာဖြင့်ရှေ့လအခါရှေ့နှစ်အခါမှကြီးပွါးမည်ကိုအရေးမထား၊ယခုလတ်တလော
ဖြစ်မြောက်အောင်မြင် ရရှိလိုသော စိတ်ကြောင့် မကြီးပွါးမအောင်မြင် မဖြစ်ထွန်းဘဲ နေကြရလေသည်။
ယခုလတ်တလော စားသောက်နေထိုင်ဖို့ နည်းလမ်းတစ်ခုခုရှိရာ၏။ ထိုလတ်တလော အလုပ်များ၏အလယ်၌ အချိန်တစ်ခုခုကို သတ်မှတ်ကာ နောက်အနာဂတ်အကျိုးရှိဖို့ အလုပ်တစ်ခုခုကို ကြိုတင်စီမံရလေသည်။
ထိုကဲ့သို့ အနာဂတ်အတွက် တင်ကြိုကြံစည်လုပ်ကိုင်ခြင်းများမှာ စဉ်းစာဉာဏ်အမြော်အမြင်ကြီးဖို့ လိုလေသည်။ ထိုအမြော်အမြင်ဉာဏ်ကို အသိ အမြင်များသူမှသာ မှန်ကန်စွာရနိုင်စေရာ အသိတိုးဖို့အလုပ်သည် မဆုံးသော အလုပ် မသေမချင်းလုပ်ရသော အလုပ်ကြီးဖြစ်လေသည်။
(ဆရာကြီး) ပီမိုးနှင်း
လူမှုရေးရာစာအုပ်မှ ကောက်နှုတ်သည်။

1 comments:

အလွမ်းမြို့ said...

မှတ်သားသွားတယ်။ဖတ်သွားတယ်။

Post a Comment