ရိုးသားစွာကြိုစားခြင်းဖြင့် ဘဝအောင်မြင်မှုပန်းတိုင်ဆီသို့

Saturday, February 4, 2012


မပုကွယ်နှင့်ခရုငယ်ဆိုတာ မြန်မာပြည်သားတိုင်းနားရည်ဝနေတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဆရာဆရာမတွေရဲ့ ပါးစပ်ဖျားမှာ တစ်တွတ်တွတ် ရွတ်ဆိုပြနေတဲ့ပုံပြင်ပါ။ ကျတိုင်းကျတိုင်းပြန်တက်ပြီး နောက်ဆုံးတိုင်ထိပ်ပေါ်ကိုရောက်ရှိသွားတဲ့ ခရုငယ်ကို အတုယူပြီး အတန်းထဲမှာအညံ့ဆုံးဖြစ်တဲ့မပုကြွယ်ဟာ မရဘူးလို့ဆုံးဖြတ်ထားတဲ့စာကို အခေါက်ခေါက်ပြန်ပြီးကျက်လိုက်တာ အတန်းထဲမှာ အတော်ဆုံးလူဖြစ်သွားတယ်ခင်ဗျ။

အဓိက ကတော့ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့ရိုးရိုးသားသားနဲ့ ကြိုးစားဖို့လိုတယ်။ အောင်မြင်ဖို့ကိုရှေ့မှာပြောခဲ့တဲ့ မပုကြွယ်တို့၊ ခရုငယ်တို့လို ကြိုးစားဖို့လိုပါတယ်။ ဖြတ်လမ်းကလိုက်ပြီး ကြိုးစားတာဟာ အောင်မြင်ဖို့ မသေချာပါဘူး။ တကယ်လို့ အဲဒီဖြတ်လမ်းကဖေါက်ပြီး ကြိုးစားလို့ရတဲ့ အောင်မြင်မှုဟာ အရည်အချင်းရှိတဲ့အောင်မြင်မှုဖြစ်မှာ မဟုတ်ပါဘူး။အထပ်ထပ် ဆုံးရှုံးခဲ့ရတဲ့  ဆုံးရှုံးမှုတွေ ၊အထပ်ထပ်ကြုံတွေရတဲ့      အခက်အခဲတွေမရှိဘဲ ရလာတဲ့အောင်မြင်မှုဟာ အောင်မြင်မှု မစစ်ဘူး။ အောင်မြင်မှုကိုငွေတို့ ပကာသန တို့နဲ့တိုင်းတဲ့လူတွေဟာ အဲဒီငွေ၊ အဲဒီပကာသနတွေနဲ့အပ်နှင်းပြီး အောင်မြင်မှုကို ယူကြတယ်။ အဲဒီသူတို့ရလာတဲ့အောင်မြင်မှု တွေဟာ ကြာကြာခံလေ့မရှိဘူး။
စာသင်ကျောင်းတွေမှာ စာမေးပွဲတွေဖြေကြတာရှိတယ်။ အဲဒီစာမေးပွဲ တွေမှာ ကိုယ်တိုင်ကြိုးစားလို့အောင်တဲ့ သူတွေလဲ ရှိတယ်။ ခိုးချလို့အောင်သွားတဲ့ လူတွေလဲရှိတယ်။ ဆရာ ဆရာမတွေကို ပုဆိုး၊ထဘီတွေ လာဘ်ထိုးပြီး အောင်တာလဲရှိတယ်။ ခိုးမချ၊ လာဘ်မထိုးဘဲရိုးရိုးသားသားကြိုးစားပြီးအောင်သွားတဲ့သူတွေဟာ အဲဒီအချိန်မှာ ကိုယ်တိုင်ကြိုးစားထားတဲ့ အရည် အချင်းတွေရှိတယ်။ အရည်အချင်းရှိတော့ လူကြားထဲမှာအောင်မြင်သူရယ်လို့ ရဲရဲဝံ့ဝံ့ခေါင်းမော့နိုင်တယ်။ မသာမာမှုနဲ့ အောင်မြင်သူတွေ၊လာဘ်ထိုးပြီးအောင်မြင်သူတွေကအောင်သာအောင်တယ်လူတောထဲမှာ အောင်မြင်သူရဲလို့ ခေါင်းမော့ပြီးနေဖို့ရာမဝံ့ရဲကြပါဘူး။ ဒါအမှန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ  စာမေးပွဲရဲ့ အခက် အခဲတွေကို မသမာမှုတွေနဲ့ အလွယ်တကူအောင်မြင်ခဲ့တယ်။ အခက်အခဲရှိမှ အောင်မြင်မှုဆိုတာရှိမှာဆိုတော့ သူတို့အောင်တဲ့ အောင်မြင်မှုဟာ အစစ် မဟုတ်ဘူး။ ဒါ့ကြောင့် အောင်မြင်သူတွေမှာရှိတဲ့ အရည်အချင်း သူတို့ဆီမှမရှိဘူး။
အောင်မြင်မှုဆိုသည်မှာ စောင့်ဆိုင်းရမည့်အရာမဟုတ်၊ ဆောင်ရွက် ရမည့်အရာဟူ၍ စာအုပ်တစ်အုပ်ထဲက စာသားလေးက မှတ်သားစရာ ကောင်းပါ တယ်။ ငါဟာ တစ်နေ့တော့အောင်မြင်မှာပဲလို့ စိတ်ထဲမှာပဲမှတ်ယူထားပြီး လက်တွေ့ ကိုယ်ကပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေရင်၊ ပျင်းတွဲနေမယ်ဆိုရင် တစ်နေ့အောင်မြင်မယ်ဆိုတာဟာ သေတာတောင် အောင်မြင်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာ သူများကလာပေးတဲ့အရာမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လုပ်ယူရမယ့်အရာပါ။ ဘဝမှာ ဘယ်အရာမှ အလကားမရပါဘူး။ အလကား ရရင်လဲ အဲဒီအရာဟာအပေါးစားအရာပဲဖြစ်မှာပါ။ အကောင်းစားတွေက ကြကြာခံတယ်။ အပေါးစားတွေက ကြာကြာမခံပါဘူး။ ပျက်စီးလွယ်တယ်။ အများကြီးပေးဆပ်ပြီး ရရှိလာတဲ့အောင်မြင်မှုကို စားသုံးခံစားရတာလောက် အရသာရှိတာမရှိပါဘူး။
 လောကရဲ့ ဂုဏ်တကာ့ဂုဏ်ထဲတွင် ရိုးဂုဏ်ဟာအမြင့်မြတ်ဆုံးဖြစ်ပါတယ်။ရွှေဂုဏ်ငွေဂုဏ်၊ ဓနဂုဏ်၊ အာဏာဂုဏ် စတဲ့ဂုဏ်ပုဒ်တွေဟာ အပေါ်ယံဂုဏ်ပုဒ်တွေသာဖြစ်ပါတယ်။ ရိုးသားမှုဂုဏ်သာ တကယ့်ကို စစ်မှန်တဲ့ ဂုဏ်ပုဒ်ဖြစ်ပါတယ်။ ငါဟာဟောဒီအောင်မြင်မှုပန်းတိုင်းကြီးဆီကို ရိုးရိုးသားသားနဲ့ကြိုးစားပြီးရောက်လာတာလား၊ ဒါမှမဟုတ် မသာမာတဲ့ နည်းနဲ့အောင်မြင်လာတာလားဆိုတာ မိမိကိုယ်ကိုယ်သိမှာသာဖြစ်ပါတယ်။ ရိုးသားစွာ ကြိုးစားခြင်းဖြင့်ရောက်လာတဲ့ သူတွေကတော့ အောင်နိုင်သူလို့ သူတို့ကိုယ်သူတို့ ယုံကြည်ကြည်နဲ့ ကြွေးကြော်နိုင်မှာသေချာပါတယ်ခင်ဗျား
မောင်ပြည်ချစ်

0 comments:

Post a Comment